Friday, September 26, 2008

မှတ်သားမိတဲ့ အသိများ


အခက်အခဲဆိုတာ . . . . .
ဥာဏ်နုံသူအတွက်
ဘ၀ တစ်ခုလုံး
ကျိုးပျက်သွားတတ်ပေမယ့်
အသိဥာဏ်ရှိသူအတွက်
ဘ၀ကြီးတစ်ခုလုံး
တိုးတက်သွားနိုင်တယ် . . . . .။

လုပ်ကိုင်ချင်စိတ်ရယ် . . . . .
ကျွမ်းကျင်မှုရယ် . . . . . ရှိပြီး
လုပ်ကိုင်နေကျဆိုရင်
ဘယ်အလုပ်မဆို . . . . .
လွယ်ကူသွားပါပြီ . . . . .။

ဖြစ်ချင်တိုင်း . . . . .ဓိဌာန်ရင်
အောင်မြင်ဖို့ မလွယ်ဘူး . . . . .
ဖြစ်နိုင်တာကို . . . . . ကြိုးစားအားထုတ်မှ
အဓိဌာန်အောင်မြင်မယ် . . . . .။

ဖတ်ခဲ့ဖူးသော ဆရာတော် အရှင်ဆေကိန္ဒ စာအုပ်မှ
ဖိုးသောကြာ

Thursday, June 19, 2008

ကိုယ်ချင်းစာ တယ်ဆိုတာ . . .

ကျွန်တော် ဟာ မြန်မာစာနဲ့ ကျောင်းပြီးခဲ့ပေမယ့် ကျွန်တော် တော်တော်ညံ့သေးတယ်ဆိုတာ သိလိုက်ရတဲ့အချိန်က တော်တော်ကြာခဲ့ပါပြီ . . .။ မေ့မရသေးတာ အခုအချိန်ထိပါပဲ . . .။
အဲဒီအချိန်က စလို့ ကိုယ်ချင်းစာတယ် ဆိုတဲ့ စိတ်လေးကို ဖျောက်ဖျက်ပစ်လိုက်ရပါပြီ . . .။
ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတစ်ခုပါ ၊ အဲဒီပြဿနာ က ကျွန်တော်ရော အခြားပုဂ္ဂိုလ်တစ်ဦး အပါအ၀င် နှစ်ယောက်စလုံး ရင်ဆိုင်ရတဲ့ လုပ်ငန်းနဲ့ပတ်သက်ပြီးကြုံတွေ့ရတဲ့ ကိစ္စလေးတစ်ခုပါ၊ (အသေးစိတ် မပြောတော့ပါဘူး၊ ပုဂ္ဂိုလ်ရေးပါမှာ စိုးတာရယ်၊ ပြောချင်တဲ့အကြောင်းအရာ ဦးတည်ချက် လွဲသွားမှာစိုးတာရယ်ကြောင့်ပါ)
အဲဒီကိစ္စမှာ ကျွန်တော်လည်း ထိခိုက်ခဲ့ရပါတယ်၊ နစ်နာဆုံးရှုံးသွားခဲ့ရတယ် ၊ နောက်ပြီး အခြားသူမှာလည်း အဓိက ထိခိုက်နစ်နာဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင်သူ့ကို နှစ်သိမ့်အားပေးခဲ့တယ်၊ သူကို မကျဆုံးစေချင်ဘူး၊ လက်မြှောက်အလျော့ မပေးစေချင်ဘူး၊ အဲဒီအတွက်ကြောင့် သူ့ကို အမြဲတမ်းအားပေးနေတယ်၊ ဖေးမကူညီခဲ့တယ်၊ လက်တွဲခေါ်ခဲ့တယ်၊
ကျွန်တော်သူ့ ကို ပြောမိတာက . . .
”ကိုယ် ကိုယ်တိုင်လည်းခံစားခဲ့ရပါတယ် ၊ ကျွန်တော့်မှာ ရှိတဲ့စွမ်းအားတွေရော အင်အားတွေပါ လဲပြိုခဲ့ရပါတယ်။
မင်းကိုလည်း ကိုယ်ချင်းစာပါတယ်၊
ဒါပေမဲ့ . . .
ရှောင်လွှဲလို့မရနိုင်ဘူး ၊ ရင်ဆိုင်ရမှာပဲ စိတ်ဓါတ်မကျပါနဲ့
အလျော့မပေးပါနဲ့ ၊ ရင်ဆိုင်နိုင်စွမ်းရှိတယ်ဆိုတာ ဖြစ်အောင်ကြိုးစားလိုက်ပါ၊
ဘယ်တော့မှ အရှုံးမပေးပါနဲ့” ပြောမိတယ် . . .။
အဲဒီမှာ သူပြန်ပြောတာက
မင်းကိုငါတစ်ခုမေးမယ်
ကိုယ်ချင်းစာတယ် ဆိုတဲ့ စကားလုံးရဲ့ မြန်မာလို အဓိပ္ပါယ် က ဘာလဲတဲ့”
ကိုယ်တော်တော်ကြောင်သွားတယ်၊ ချက်ချင်းစဉ်းစားတာ အဖြေမထွက်ဘုး၊
မသိဘူးဆိုတော့ . . .
”ကိုယ်ချင်းစာတယ်ဆိုတာ . . . .
ကိုယ်စားဝင်ခံစားနားလည်ပေးတာ”
တဲ့
ကျွန်တော်ကလည်းမလျော့ဘူး၊
”ဟုတ်တယ်လေ” ဆိုတော့
”ကိုယ်စားဝင်ခံပေးတာ မိမိကိုယ်တိုင်လောက် မခံစားရပါဘူးကွာ”
အဲဒါကို မင်းနားလည်လား တဲ့ ၊ လက်ခံနိုင်လား တဲ့ . . .
ကျွန်တော့် စိတ်ထဲ တော်တော်လေး ထိသွားတယ်၊

အချိန်တွေကြာလာတဲ့အထိ အဲဒီအကြောင်းအရာ ၊ အဲဒီစကားလုံးက ခေါင်းထဲက မထွက်နိုင်တော့ဘူး၊ ကိုယ့်ကိုကိုယ် ပြန်စဉ်းစားနေမိတယ်၊
နောက်တော့မှ သူပြောတာ ဟုတ်ပါတယ်၊ မှန်လည်းမှန်နေတာပဲ ဆိုတာကို လက်ခံလိုက်ရပါတယ်၊ ကိုယ်ချင်းစာတယ်ဆိုတာ ကိုယ်တိုင်ခံစားရာမှ မဟုတ်တာ၊ ဘာဖြစ်လို့လဲ ဆိုတော့ . . . . .
တစ်ချိန်က ကျွန်တော် ကား accident ဖြစ်ခဲဘူးတယ်၊ အဲဒီတုန်းက နားထင်မှာ (၈)ချက်လောက် ချုပ်လိုက်ရတယ်၊ အဲဒီလိုဖြစ်နေချိန်မှာ ကျွန်တော့်ကို ခင်မင်တဲ့သူငယ်ချင်းများ ၊ မိတ်ဆွေ အပေါင်းအသင်းများ က လာမေးကြတယ်၊ အားပေးကြတယ်၊ ” တော်တော်ထိသွားလား၊ အခြေအနေပြင်းလား၊ စိုးရိမ်ရလား နဲ့ ခေါင်းမူးလား ၊ ဓါတ်မှတ်ရိုက်ကြည့်လားတဲ့၊ မပေါ့နဲ့နော် ဆိုတာကော ” လိုအပ်တာတွေဝိုင်းကူညီကြတယ်၊ အမှန်က သူတို့က နှုတ်ဖြင့်သော်လည်းကောင်း၊ စောင့်ရှောက်မှုသော်လည်းကောင်း ၀ိုင်းဝန်းဆောင်ရွက်ပေးကြပါတယ်၊ ကူညီကြတယ်၊ ဒါပေမဲ့ . . . သူတို့ကို ကျွန်တော်စော်ကားတာမဟုတ်ပါဘူး၊ သူတို့ကိုယ်တိုင် ကျွန်တော့်လို ကား accident ဖြစ်ခဲ့တာမှ မဟုတ်တာ ၊ ကျွန်တော့်လောက် သူတို့ ဘယ်ခံစားရမလဲ၊
အခုအချိန်မှာ လက်ခံလိုက်ပါပြီ ကျွန်တော့် သူငယ်ချင်း ပြောခဲ့တဲ့ ကိုယ်ချင်းစာတယ်ဆိုတာ . . . မိမိ ကိုယ်တိုင်လောက် အပြည့်အ၀ ခံစားရခြင်းမဟုတ်ဘူးဆိုတာ နားလည်လိုက်ပါပြီ၊

ကျွန်တော် ကိုယ်တိုင် ဒီအမြင်ကို တစ်ချိန်က မှားတယ်လို့ ထင်ခဲ့ပါတယ်၊ တဖက်သားကို စော်ကားရာ ကြမှာပေါ့ လို့ ထင်ခဲ့မိတယ်၊ ဒါတွေဟာတကယ်တော့ လူတိုင်းက ဒီအမြင်ကို မှားတယ်ဆိုရင် . . . . .
အမှန်က အားလုံးသောသူများ ဟန်ဆောင်နေကြတာပါ။ မိမိကိုယ်ကိုမိမိ ညာနေတာနဲ့တူပါတယ်။

(အများနဲ့ မတူတဲ့ ဘက်ကနေ ကျွန်တော် ခံစားကြည့်ခြင်းဖြစ်ပါတယ်။)

မေ့မရနိုင်တဲ့ သူငယ်ချင်းအတွက်

ဖိုးသောကြာ
၂၁-၆-၂၀၀၈ (၀၂း၃၉)

Saturday, June 14, 2008

IT နှင့်ပတ်သက်သည့် လုပ်ငန်းခွင်များတွင် ကြုံတွေ့ရနိုင်သည့် ကိစ္စရပ်များ


(၁) IT ပညာရှင်တွေဟာ သူတို့စိုးရိမ်တဲ့ ကိစ္စတွေဖုံးကွယ်ဖို IT နဲ့မဆိုင်တဲ့ စီမံခန့်ခွဲသူတွေကို ရှုပ်ထွေးသွားစေဖို့ ဘာသာရပ်ဆိုင်ရာ စကားလုံးတွေကို တွင်တွင်သုံးတတ်ကြတယ်။

(၂) အချို့သော IT ပညာရှင်တွေဟာ နည်းပညာသစ်စတင်ရာမှာ မကြာခဏဆိုသလိုအတားအဆီးတွေ ဖြစ်နေတတ်ပါတယ်။(အသစ်အဆန်းတွေအတွက် အချိန်ကုန်ပြီးပင်ပန်းမှာစိုး၍ရှောင်လွှဲကြတယ်။)

(၃) အချို့သော IT ပညာရှင်များက အလုပ်ခွင်/ကုမ္ပဏီများအတွက် ကူညီပံ့ပိုးဖို့ထက် သူတို့ Power တက်လာစေရန် နည်းပညာသစ်တွေကို တွင်တွင်အသုံးပြုကြတယ်။

(၄) အချို့သော IT ပညာရှင်တွေကတော့ နည်းပညာသစ်တွေလုပ်ကိုင်ဆောင်ရွက်ဖို့ထက် အဟောင်း ကိုပဲအချိန်ပိုကုန်နေတတ်တယ်။(အသစ်ဘယ်လောက်ကောင်းကောင်းအဟောင်းကိုပဲလက်ပူတိုက် ထည်လဲသုံးနေတတ်တယ်။)

(၅) တစ်ခါတစ်လေကျတော့ဆက်ဆံရတဲ့ဝန်းကျင်ကလူပုဂ္ဂိုလ်များကလုပ်ငန်းအဆင်ပြေသွားရင်သူတို့ပဲ နာမည်ကောင်းယူတတ်ကြပြီး၊ လွဲချော်မှားယွင်း သွားခဲ့ရင် ကိုယ့်အပေါ်(ITသမား) အပြစ်ပုံချ ကြ တယ်။

(၆) လုပ်ဖော်ကိုင်ဖက်/အသိမိတ်ဆွေအားလုံးက သင့်ကို(IT သမား) Personal Tech Support အဖြစ် အသုံးချတတ်ကြပါတယ်။(ထိုပုဂ္ဂိုလ်များရဲ့ IT ပြဿနာမျိုးစုံအတွက် အကူအညီတောင်းကြပေမယ့် အချို့ပဲသင့်တင့်မျှတတဲ့တန်ဖိုး ပေးပြီး အများစုကတော့ အခမဲ့ပဲ ဆက်ဆံတတ်ကြပါတယ်။)

(၇) Certificate တွေက ပိုတော်တဲ့နည်းပညာရှင် တစ်ယောက်ဖြစ်အောင် အမြဲမကူနိုင်ပေမယ့် နေရာ ကောင်းရဖို့၊ ရာထူးတိုးဖို့နဲ့ လစာတိုးဖို့တော့ကူညီနိုင်ပါတယ်။

(၈) IT ပညာရှင်များဟာ တစ်နေ့တစ်နေ့ သူရဲကောင်းဖြစ်လိုက် ၊ ကျဆုံးလိုက်ဖြစ်နေလိမ့်မယ်။
(အဆင်ပြေအောင်မြင်သွားရင် သူရဲကောင်း၊ ပြဿနာပေါ်ရင် တရားခံပဲ)

(၉) User တွေအမှားလုပ်မိတဲ့အခါ IT ပညာရှင် အပြစ် ဖြစ်လိမ့်မယ်။

(၁၀) တခြားဟာတွေနဲ့ယှဉ်လိုက်ရင် IT လုပ်ငန်းဘက်မှာက လစာနှင့်အခွင့်အရေးတွေ ပိုကောင်းရင် ကောင်းလိမ့်မယ်။ အဲဒီလိုကောင်းတာတွေ ခံစားထားရင်တော့ သင့်ကို ပိုပြီးခိုင်းကြလိမ့်။




ဖတ်လိုက်ရတဲ့ နည်းပညာဂျာနယ်တစ်စောင်မှ အချက်များ

ဖိုးသောကြာ
(15-6-2008း 00း42 AM)

Monday, June 2, 2008

သူငယ်ချင်းရေ . . . . .

အခြားသူ လူတစ်ဦး တစ်ယောက်ရဲ့ ဘ၀ကို
တောက်ပရွှန်းလက်လာအောင်
တိုးတက်ကောင်းမွန်လာအောင်
ပြုမူလုပ်ဆောင်ပေးတာဟာ
သင့်ကိုယ်ပိုင်ဘ၀ ရဲ့
အစွမ်းသတ္တိတွေကို
တိုးတက်မြင့်မားလာစေပါတယ် . . . . .။


မောင်ကျော်
၃-၆-၂၀၀၈ (၀၁း၀၆)

Friday, May 30, 2008

USB Storage Device တွေ သုံးလို့မရအောင် ပိတ်ထားချင်ရင် . . .

အခုခေတ်မှာက Data Transfer လုပ်ဖို့ အဆင်ပြေဆုံးက USB Device တွေပဲဖြစ်တယ်၊ ကျွန်တော်တို့ သုံးနေတဲ့ ကွန်ပျူတာများမှာ Virus ကူးစက်နိုင်တာ USB Device အသုံးပြုခြင်းကနေ ကူးစက်တာ အဓိက အချက်ပဲဖြစ်တယ်။ ဒါပေမဲ့ USB port တွေကို အသုံးပြုခွင့် ပိတ်ထားတယ်နိုင်တဲ့နည်းတွေအများကြီးရှိပါတယ် ။ CMOS ထဲကနေ USB ကို disable လုပ်ထားနိုင်တယ် ၊ ဒါ့အပြင် အခြားနည်းတွေလည်းရှိသေးတယ်၊

Windows XP မှာ USB storage device တွေကိုပဲ အသုံးပြုခွင့် ပိတ်ချင်တယ် ဆိုရင်
အောက်ပါအချက်များကို ဖော်ပြပေးလိုက်ပါတယ်-

(၁) Start Menu ကို click လုပ်ပြီး Run ကို ရွေးပါ... (Windows Key + R ကို နှိပ်ရင်လည်း ရပါတယ်)
(၂) ပေါ်လာတဲ့ Open Bar ရဲ့ဘေးမှာ ရှိတဲ့ box ထဲမှာ regedit လို့ရိုက်ထည့်ပြီး OK ကို ကလစ်လုပ်ပါ...
Registry Editor ပေါ်လာပြီဆိုရင်...
(၃) HKEY_LOCAL_MACHINE » SYSTEM » CurrentControlSet » Services » UsbStor ကိုနှိပ်ပါ။
(၄) ညာဘက် pane ထဲက Start ကို double click နှိပ်ပါ...
(၅) Value Data အောက်ကပ်ရပ်မှာ ရှိတဲ့ text box ထဲမှာ 4 လို့ ပြင်ရိုက်ထည့်ပါ... Hexadecimal ကို
မရွေးထားရင် ရွေးပေးပါ... ပြီးရင် OK ကိုနှိပ်ပါ...
(၆) Registy Editor ထဲမှ ထွက်လိုက်ပါ....။




(USB Storage device တွေ အသုံးပြုခွင့် ပြန်ပေးချင်တယ် ဆိုရင်တော့ Value Data မှာ 3 လို့ရိုက်ထည့် ပေးရမှာပါ...)



ကိုမောင်လှဘလော့ခ်
မှ ဖတ်ထားသည်များကို တဆင့်ဖော်ပြခြင်းဖြစ်ပါသည်။

ဖိုးသောကြာ 1.6.2008 - 00:54AM

Tuesday, April 1, 2008

ကြောင်တစ်ကောင်နှင့် ညစာအတူစားခဲ့ရသော ကျွန်တော်


လူ့ဘဝမှာတခါတလေ ကြုံတွေ့ရတဲ့ကိစ္စလေးတွေဟာ အသေးအဖွဲ့လေးတွေဆိုပေမယ့် သင့်မသင့်ဆိုတာ မစဉ်းစားမိ၊ နားမလည်သေးတဲ့သူတွေ ရှိနေတယ်ဆိုတာကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရပါတယ်. . . . .။

ကျွန်တော်က မနက်အိမ်ယာထ နောက်ကျတတ်တဲ့အကျင့်ရှိတယ်၊ ရုံးကို မနက်(၈း၀၀)နာရီသွားရတယ်၊ ထမင်းဟင်းကိစ္စ အဆင်ပြေဖို့အတွက် မနက်(၆း၀၀) လောက်မှာ အိမ်ယာထပြီး ချက်ရတယ်။ ချက်တဲ့အခါမှာ မနက်စာရော ညစာအတွက်ပါ တစ်ပါတည်းပေါင်းချက်တယ်၊ ထမင်းချက်နေရင်းနဲ့ ရေနွေးအိုးကြိုထားတယ်၊ ဟင်းချက်ဖို့ပြင်ဆင်ရတယ်၊ အဲ့ဒီနေ့က ကကတစ်ငါးဟင်းဆီပြန်ချက်တယ် ပြီးတော့သရက်ချဉ်သုပ် လေးလုပ်ပြီး ပြင်ထားတယ် ၊ ပြီးတာနဲ့ ဘုရားသောက်တော်ရေလဲ၊ ပန်းတွေရေလဲ ပြီးတာနဲ့ ဆွမ်းကပ်တယ်၊ ကော်ဖီဖျော် ထမင်းချိုင့်ထည့် ရေချိုး ၊ ပြီးတာနဲ့ ကော်ဖီသောက်ပြီးထမင်းချိုင့်ဆွဲပြီးထွက်ရတယ်။ ဒါက ကျွန်တော့်ရဲ့မနက်ပိုင်း အချိန်များ ပုံမှန်လုပ်ငန်းပဲဖြစ်ပါတယ်။

ညနေရုံးက ပြန်လို့ အိမ်ရောက်ပြီဆိုတာနဲ့ ထမင်းအိုးကို ပြန်နွှေး ၊ ဟင်းကိုမီးဖိုပေါ်တင်နွှေး ပြီးတာနဲ့ ဟင်းတွေ ၊ ထမင်းတွေပြင်ဆင်ပြီး စားပွဲပေါ်မှာ အဆင်သင့်ပြင်ထားပြီး ရေချိုးပါတယ်။ အဝတ်အစားလဲပြီး ထမင်းစားဖို့အတွက် ရေနွေးချမ်းအိုးပြင်နေတုန်း တံခါးခေါက်သံကြားလိုက်ရတယ် ၊ ဖွင့်ကြည့်လိုက်တော့ အခြားအခန်းက ဖြစ်နေတယ်၊

”ဦးကျော် ဒီည ဘာဟင်းချက်လဲ” ကျွန်တော် ပထမတော့ နည်းနည်းကြောင်သွားတယ် ၊ နောက်မှ
”ငါးဟင်းချက်တယ် ၊ သရက်ချဉ်သုပ်တယ်” ဆိုပြီးပြောလိုက်တယ်
”ဟာဒါဆိုအတော်ပဲ အိမ်က ကြောင်အတွက် ဘာမှမရှိလို့ ငါးဟင်းနဲနဲလောက်ပေးပါတဲ့”
ကြားကြားချင်းပဲ ကျွန်တော့်စိတ်ထဲ တစ်မျိုးဖြစ်သွားတယ်၊ ကျွန်တော်လည်း အားနာပါးနာနဲ့ ပြန်ပြောလိုက်တယ်
”ကျွန်တော်အခုမှ ထမင်းစားမလို့လုပ်တုန်း” ဆိုတော့
” နဲနဲပါတဲ့ ၊ အိမ်မှာ ဒီနေ့ သတ်သတ်လွတ်ချက်လို့ ကြောင်အတွက် ဘာမှမရှိလို့ပါတဲ့”
ကျွန်တော့်စိတ်ထဲ တော်တော်အချဉ်ပေါက်သွားမိပါတယ်။

ကျွန်တော်လည်းဆက်မပြောတော့ပါဘူး၊ပုဂံနဲ့ကိုယ်စားမဲ့အထဲက ငါးဟင်းတစ်ဝက် ထည့်ပေးလိုက်ရတယ်၊
အဲဒီညက ဟိုဘက်အခန်းကကြောင် နဲ့ ဒီဘက်ခန်းကကျွန်တော် ညစာကို ကကတစ်ငါးဟင်း နဲ့ ရှယ်ယာလုပ်ပြီး အတူတကွ စားလိုက်ရတယ်။

မိမိ ပြောလိုက်သော စကားတစ်ခွန်းသည် ပြောသင့်သလား ၊ မသင့်ဘူးလားဆိုတာ မစဉ်းစားဘဲနဲ့ ကိုယ်ကိစ္စ အဆင်ပြေရင်ပြီးတာပဲ တစ်ဖက်လူဘာပဲဖြစ်ဖြစ် ဆိုတဲ့သူတွေရှိနေတယ်ဆိုတာ ကိုယ်တိုင်ကြုံတွေ့ခဲ့ဘူးတယ် . . . . . ။



ဖိုးသောကြာ
1-4-2008 (14း50)

Saturday, March 29, 2008

ထပ်တူထပ်မျှ ဝမ်းနည်းမိပါတယ်

ကျွန်တော် နှင့် လုပ်ငန်းအတူ
လုပ်ကိုင်ဆောင်ရွက်နေတဲ့ အစ်မရေ

အစ်မရဲ့ ကျေးဇူးရှင်ဖခင်ကြီး ၂၉-၃-၂၀၀၈ ရက်နေ့(စနေနေ့)
ညဦးပိုင်း(၂၀း၀၀)အချိန်ဝန်းကျင်၌ ကွယ်လွန်အနိစ္စ ရောက်သွားတယ်
ဆိုတာ ကြားသိခဲ့ရတဲ့အတွက် မိသားစုများအားလုံးနှင့်
ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲ ဖြစ်ခဲ့ရပါတယ်။

ကွယ်လွန်သူ အစ်မရဲ့ ဖခင်ကြီး ကောင်းမွန်ရာ ဘုံဘဝသို့
ရောက်ရှိပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်။

အစ်မရေ

အစ်မ တစ်ယောက် အဝေးတစ်နေရာ ရောက်ရှိတာဝန်ထမ်းဆောင်
နေသော်လည်းအစ်မရဲ့ ကျေးဇူးရှင်ဖခင်ကြီး မကွန်လွန်မီအချိန်အထိ
ဖခင်ကြီးအနားမှာ ပြန်လည်ရောက်ရှိနေပြီး အစ်မပဲ အနီးကပ်ပြုစု
စောင့်ရှောက် ပေးနိုင်ခဲ့တာတွေဟာ
ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးကြောင့် ပါအစ်မရယ်. . .။
လူတိုင်းလူတိုင်း
တစ်နေ့နေ့မှာ
ခွဲခွာသွားကြရမြဲပါ အစ်မရယ် . . .
ကျေးဇူးရှင်ဖခင်ကြီးကို ပြုစုစောင့်ရှောက်မှု ပေးနိုင်ခဲ့တာတွေ
အားလုံး မိဘကိုကျေးဇူးဆပ်ချင်းတစ်မျိုးပါအစ်မရယ် . . .။

ကျွန်တော့်အပေါ် ထိန်းသိမ်းစောင့်ရှောက်
ကိုယ်ချင်းစာ ပေးခဲ့တဲ့ အစ်မ အပေါ် . . . . .
အစ်မ စိတ်နှလုံး ကြေကွဲဝမ်းနည်းနေရတဲ့အချိန်မှာ
ကျွန်တော် ပြန်ပြီး ကူညီစောင့်ရှောက်မှု မပေးနိုင်ခဲ့တာတွေအတွက်
အများကြီးတောင်းပန်ပါတယ် အစ်မရယ် . . .။
အစ်မ နဲ့ထပ်တူ ဝမ်းနည်းမိပါတယ် အစ်မရေ . . .။

မောင်ငယ် ဖိုးသောကြာ
(29-3-2008 - 22း20)

Friday, March 21, 2008

ကျွန်တော် ကြုံတွေ့ခဲ့ဖူးသော မောဟစားသူများ


လူတိုင်းလူတိုင်း မည်သူမဆိုအောင်မြင်ကျော်ကြားလိုခြင်း၊ ကြီးပွားတိုတက်လိုခြင်း၊ ရယူပိုင်ဆိုင်နိုင်ခြင်း စသည့် ဆန္ဒများ ရှိကြသူများချည်းသာဖြစ်ပါတယ်. . .။
သို့ရာတွင် ထိုလိုအင်ဆန္ဒများသည် နည်းမှန်လမ်းမှန် ၊ တရားနည်းလမ်းတကျ သမာသမတ်ကျစွာ ရှိရန်လိုအပ်ပါတယ်။
သို့သော်လည်း . . . . . . .
မောဟ (၁)
ကျွန်တော် ကြုံတွေ့ခဲ့ဖူးသော သူတစ်ဦးဆိုလျှင် အစစ အရာရာ လူများတကာထက် ထင်ပေါ်ချင်သည် ၊ အောင်မြင်ချင်သည်၊ တိုးတက်ချင်သည့် စိတ်ဆန္ဒများ အလွန်များပါသည်။ အမှန်တော့ ထိုသူမှာ အတော်အသင့်လည်း အောင်မြင်နေပြီး၊ ဘ၀အတွက်လည်း တိုးတက်လာခဲ့ပြီး၊သင့်တင့်လျှောက်ပတ်တဲ့ အနေအထားတစ်ခု သို့လည်းရောက်ရှိနေပြီဖြစ်ပါသည်။ သို့ရာတွင် သူ၏စိတ်သန္တာန်တွင် လိုချင်တက်မက်မှုများ ၊ အလိုမပြည့်မှုများဖြင့် မပြည့်စုံနိုင်သေးပါ။ မိမိထက် အသက်အား ဖြင့်သော်လည်းကောင်း၊ ဂုဏ်ရှိန်ဝါပိုင်းဖြင့်သော်လည်းကောင်း ပိုမိုကြီးရင့်သူကိုလည်း လိုက်၍ ယှဉ်ပါသည်။ မိမိထက် ပိုမိုငယ်သူ၊ အားနည်းသူကိုလည်း နေရာမပေးလိုပါ။ မိမိထက်သာသွား ကျော်သွားမှာ စိုးရိမ်မိပါသည်။ ထိုသူ၏ လိုအင်ဆန္ဒများ မပြည့်ဝသောအခါ ထိုသူ့ထံတွင် စိတ်ဆင်းရဲခြင်း၊ မနာလိုဝန်တိုစိတ်များခြင်း၊ ဒေါသများခြင်း၊ မိမိကိုယ်ကိုမိမိ အားမလိုအားမရဖြစ်ခြင်း ၊
ငါသာလျှင်ကောင်း၏ . . . ငါသာလျှင်ကြိုးစား၏ . . . ငါသာလျှင်တတ်၏ တော်၏ . . . ငါသာလျှင်အနစ်နာခံ၏ . . . ငါ့လောက်မစွမ်းဆောင်နိုင်ကြ ဟု အထင်ကြီးစိတ်များ . . . ငါ ဆိုသည့် အတ္တများ ၀င်နေပြီး ၊ မိမိ၏ စိတ်တွင် မောဟများနေရသည်ကို ထိုသူ မသိရှာပါ . . . . .။
မောဟ (၂)
ကျွန်တော် ကြုံတွေ့ခဲ့ဖူးသော သူတစ်ဦးဆိုလျှင် ငွေသာလျှင်(ပိုက်ဆံ)အဓိက၊ နေရာတိုင်းတွင် ငွေသာမြင်သည်၊ လုပ်ကိုင်ဆောင်ရွက်မှုတိုင်း၊ လုပ်ငန်းဆက်ဆံတိုင်း၊ မည်သည့်ကိစ္စ တွင်မဆို ငွေသာအဓိကထားခဲ့ပါသည်။ အကျိုးအမြတ်သာအဓိကထားပါသည်။ ထိုသူ၏ နှုတ်မှ ငွေကိစ္စ တော့မဖွင့်ဟ၊ သို့သော်လည်း သူနှင့်ဆက်ဆံတိုင်း မျက်နှာနာရမည့်သူငယ်ချင်းသော၊ မိတ်ဆွေအပေါင်းအသင်းသော ၊ လုပ်ဖော်ကိုင်ဖက်သော မည်သူမှ မချန် သူအဆင်ပြေမှ ၊ အကျိုးအမြတ်ရမှ လုပ်ကိုင် ဆောင်ရွက်တတ်ပါသည်။ ထို့အပြင် တဖက်သားအပေါ်နဲနဲတော့ကြောလိုက်ရဖို့အတွက် ကြံစည် လုပ်ဆောင်တတ်ပါသည်။ နှုတ်ထွက်ကြမ်းပြီး ၊ ကိုယ်အမူအရာ ကြမ်းတမ်းသူဖြစ်ပါသည်။ မိမိထက်ငယ်သူ၊ နိမ့်ပါးသူများကိုလည်း အနိုင်ယူတတ်သူဖြစ်ပါသည်။ ထိုသူမှာတော့ မိမိကိုယ်ကို ငါတော်လှပြီ၊ အဆင်ပြေလှပြီထင်နေပါသည်။ စကားပုံထဲကလို နှုတ်ကြမ်းတော့ . . . . .၊ ကိုယ်ကြမ်းတော့ . . . . . ဆိုတာသူမသိရှာပါ။ တကယ်တမ်း သူ့မှာ အနစ်နာခံ ၊ စေတနာနှင့်ကူညီမည့်သူ၊ ဖေးမပေးမည့်သူ၊ လမ်းပြပေးမည့်သူ မိတ်ဆွေကောင်းဆိုတာ မရှိနိုင်တော့ဘူးဆိုတာ ထိုသူ မသိရှာပါ . . . .။
မောဟ (၃)
ကျွန်တော် ကြုံတွေ့ခဲ့ဖူးသော သူတစ်ဦးဆိုလျှင် အလုပ်လုပ်နေရတာချုင်းအတူတူ ရာထူးနေရာတူသူရော၊ အဆင့်မြင့်သူများရော ငယ်သူများပါမချန် မကောင်းမြင်တတ်ပြီး၊ အခြားသူများမှာ လုပ်ငန်းစွမ်းဆောင်ရည်ကြောင့်သော်လည်းကောင်း၊ ပင်ကိုယ်အရည်အချင်းကြောင့်သော်လည်းကောင်း၊ လုပ်ပိုင်ခွင့် အခွင့်အာဏာ(Authority) ကြောင့်သော်လည်းကောင်း ခံစားခွင့် ၊ အခွင့်အရေးများရရှိသွားပါက မနာလိုဖြစ်ခြင်း၊ မုန်းတီးခြင်း၊ အမျက်ဒေါသထွက်ခြင်း၊ သဝန်တိုခြင်းများဖြစ်ပေါ်၍ မိမိ၏စိတ်တွင် မကောင်းသည့်စိတ်ဓါတ်အဆိုင်အခဲများမှ ဆက်ဆံနေသည့်သူများအား မဟုတ်တမ်းတရားများ ပြောဆိုလာခြင်း၊ အဓိပ္ပါယ်မရှိပြောဆိုဆက်ဆံခြင်းများ ဖြစ်လာပါသည်။ သို့ပါသော်လည်း ထိုသူမှာ အခွင့်အရေးများ နှင့် ခံစားခွင့်များကိုရရှိပါက ငြိမ်နေပြီး ထုတ်ဖော်ခြင်းမရှိပါ၊ မည်သူကမှလည်း မေးမြန်းပြောဆိုခြင်းမရှိပါ၊ အခြားသူများအခွင့်အရေး ရပြီး သူမရ၊ မခံစားရပါက အခြားသူများအား ဒုက္ခရောက်အောင် အဆင်မပြေအောင် ပြုမူဆောင်ရွက်ပါတယ်။ အမှန်မှာ ထိုသူ၌ ပင်ကိုယ်အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် အားနည်းနေသည်ကို ထိုသူ မသိရှာပါ . . . .။
မောဟ(၄)
ကျွန်တော် ကြုံတွေ့ခဲ့ဖူးသော သူတစ်ဦးဆိုလျှင် ရာထူးအဆင့်အတန်းလည်းအတော်ကြီးပြီး၊ လုပ်ပိုင်ခွင့် အခွင့်အာဏာ(Authority) မှာလည်းအတော်အသင့်ရှိသူတစ်ဦးဖြစ်ပါသည်။ ထိုသူမှာ အများနှင့်ယှဉ်လျှင် စံပြပုဂ္ဂိုလ်အဖြစ်နေသယောင်၊ မိမိသာ မှန်ကန် သလိုလို ၊ လမ်းကြောင်းမှန်သွားနေသလိုလို နှင့် အတော်များများက ရှိန်ကြပါသည်။ သို့ပါသော်လည်း ထင်ရာလုပ်ပြီး ၊ ငါ့သာလျှင်ပိုင်တယ်၊ ငါသာလျှင်ဖြစ်သင့်တယ် ထင်ပြီး လျှောက်လှမ်းနေသည်ကို မည်သူမျှမသိပါ၊ ကျွန်တော်လည်းမသိပါ၊ ထိုသူမှာလည်း ငါဆိုသည့် မောဟများနေသည်ကို ထိုသူမသိရှာပါ . . . .။

နောက်ဆုံးတော့ ကျွန်တော်ကြုံတွေဖူးသော ဒီ မောဟတွေကြားထဲ ကျွန်တော် မျောပါမသွားအောင် ၊ လူ့ကျင့်ဝတ်နှင့်အညီ သမာသမတ်ကျစွာ၊ တရားမျှတစွာ ကျင့်ကြံသွားနိုင်ရန် အများကြီး ကြိုးစားသွားရအုံးမယ်ဆိုတာ ကိုယ်ကိုကိုယ်အမြဲသတိပေးနေရပါတယ်။

ဖတ်ဖူးခဲ့တဲ့ စာအုပ်ထဲက
စကားလေးတစ်ခွန်း သတိရမိပါတယ် . . .

Personality ကျသွားရင် Limitation ဆိုတာ မရှိနိုင်တော့ဘူး . . . . . .တဲ့။

ဖိုးသောကြာ

Sunday, March 16, 2008

မအား သေးလို့ပါ . . .

ကျွန်တော် အလုပ်တွေများနေတာရယ်
ကိုယ့် ဘလော့ခ်လေးကို မွမ်းမံနေတာကြောင့်
အသစ်မတင်သေးတာ
နားလည်ပေးပါ

ဖိုးသောကြာ

Friday, March 14, 2008

စည်းလုံးခြင်း ၏ ရလာဒ်

နေပြည်တော်သို့ ၀န်ကြီးဌာနများ ရန်ကုန်မြို့ မှ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ မှစ၍ ပြောင်းရွှေ့ဖွင့်လှစ် ခဲ့ပါတယ်။ ထိုအချိန်မှစ၍ ကျွန်တော်တို့တတွေပုံမှန်ရုံးလုပ်ငန်းများ အား ဆောင်ရွက်လျက်ရှိပါတယ်။ နေပြည်တော်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင် နေကြသူများအားလုံးနီးပါး ရန်ကုန်မြို့မှာရှိတဲ့ မိသားစုများနဲ့ခွဲခွာပြီးလာရောက် တာဝန်ထမ်းဆောင် နေကြသူများ သာ ဖြစ်တယ်။

ယခုလို တာဝန်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းများပျော်ရွှင်ကျန်းမာစွာ နိုင်ငံတာဝန်ထမ်းဆောင်နိုင်ရန် ဌာန အကြီးအကဲများကလည်း ပျော်ပွဲရွှင်ပွဲများ ၊ အားကစားပြိုင်ပွဲများ၊ သက်သာချောင်ချိရေး ထောက်ပံ့မှုများ ၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ လစဉ်ရုံးလုပ်ငန်းနှင့် ရုံးတက်မှန်မှုများ အတွက် ဆုကြေးငွေများ ထောက်ပံ့ ပေးခဲ့ကြပါတယ်။

တကယ်တော့ ကျွန်တော့်ဌာနမှာ ရှိတဲ့ ၀န်ထမ်းများအားလုံးဟာ စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်ရွှင်ရွှင် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှုရှိတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ပါတယ်။ ရုံး လုပ်ငန်း လုပ်ဆောင်ရာမှာလည်း ရာထူးကြီး/ငယ်မရွေး ကျရာတာဝန်ကို ကျေပွန်စွာ ဆောင်ရွက် နေကြတယ်ဆိုတာ ကိုယ်တွေ့ပါပဲ၊ အစက ကျွန်တော်စိတ်မှာထင်မိတာက တာဝန် ဆိုတဲ့အသိကြောင့် လုပ်ကြတယ်ထင်မိတာ အခုမှ သိရတယ်. . . . .။

ရလာဒ် (၁)
ကျွန်တော့်ဌာန မှ အကြီးအကဲများက ပြည်ထောင်စုနေ့မှာ ၀န်ထမ်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ထမင်းစား ပွဲလေးလုပ်ချင်တယ်လို့ဆိုပြီး တာဝန် ခံတွေ ပြောလာပါတယ်။ ဒီလိုလုပ်မယ်ဆိုတော့ ဘယ်ဆိုင်မှာ ကျွေးမလဲ၊ ဘာတွေမှာမလဲ၊ ဘယ်လောက်ကုန်မှာလဲဆိုတဲ့အချက်တွေကို ကြိုတင် ညှိနှိုင်းနေကြ ရပါတယ်။ နောက်ဆုံး အစီအစဉ်ကတော့ ဌာနမှာရှိတဲ့ဝန်ထမ်းများ စုစုစည်းစည်းနဲ့ စည်းလုံးမှုရှိအောင်၊ ပျော်ရွှင်စရာလည်း ကောင်း အောင်ဆိုပြီး အိမ်တစ်အိမ်မှာ ညစာ ချက်ပြုတ်စားသောက်ကြမယ် ဆိုပြီးစီစဉ်ပါတော့တယ်၊ ဟင်းတွေ ကတော့ ဘူးသီးနဲ့ကြက်သားဟင်း၊ ကြက်သားနဲ့ကုလားပဲအရော၊ ပုဇွန်ခြောက်ငရုတ်သီးကြော် နှင့် သရက်ချဉ်သုပ်တို့စီစဉ်ပြီး ၀န်ထမ်း တစ်ဦးရဲ့ အခန်းမှာပြုလုပ်ရန်အတွက် ၀ယ်ယူချက်ပြုတ်ရေးအတွက် စုစု စည်းစည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း တက်ကြွစွာပါဝင်ခဲ့ပါတယ်။
ကျွန်တော့်ဌာနရဲ့ အမှတ်တရ ပြည်ထောင်စုနေ့ ညစာ စားပွဲလေးမှာ စုစုစည်းစည်းလုပ်ကိုင်ဆောင်ရွက်ကြပုံ၊ အကြီးအကဲများမှလည်း ၀န်ထမ်းများနှင့် အတူတကွ စားသောက်နေပုံ၊ ကာရာအိုကေသီးချင်းများ ပျော်ရွှင်စွာ သီဆိုနေကြပုံတွေကို ကြည့်ရသည်မှာ ရင်မှာ ပီတိဖြစ် မိပါတယ်၊ ငါတို့ဝန်ထမ်းတွေ အကြီး အငယ်မရွေး၊ ယောက်ျား မိန်းမ မရွေး အတူတကွ ပူးပေါင်းဆောင်ရွက်ကြတာသည် တကယ့်စည်းလုံးမှုတစ်ခုပါပဲ၊
ညစာစားလို့အပြီးမှာ ဌာန အကြီးအကဲများမှ ၀န်ထမ်းများရဲ့စည်းလုံးမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ရော အားလုံးပင်ပန်းကြတဲ့ အတွက်ရောဆိုပြီး ပျော်ရွှင်ဖွယ်ဖြစ်အောင် ငွေသားကံစမ်းမဲဖောက်ပေးပါတယ်၊ အတော်များများ မဲပေါက်ကြလို့ပျော်ရွှင်နေကြပါတယ်၊ (ဒါပေမဲ့ ကျွန်တော် မဲ မပေါက်ပါ) ဒါပေမယ့် အဲဒီညမှာ ၀န်ထမ်း များအားလုံးမစုံတဲ့အတွက် ကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ်။ ၀န်ထမ်း များအားလုံး ပါဝင်ပူးပေါင်း ဆောင်ရွက်လုပ်ကိုင်ကြတာသည် ပြည်ထောင်စုနေ့ရဲ့ အဓိပ္ပါယ်ကို ပေါ်လွင်အောင်ပြသလိုက်တာပါပဲ ဆိုတာ ကျွန်တော်သိလိုက်ရပါတယ်။

ရလာဒ် (၂)


ဝန်ကြီးဌာန၏ ချမှတ်ထားတဲ့မူများထဲမှ ၀န်ထမ်းများအားလုံးပျော်ရွှင်ချမ်းမြေ့စေရန် ၊ ဦးစီးဌာနများ အားလုံး စည်းလုံးစေရန် ဆိုပြီး ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ(၁၆) ရက်နေ့မှာ ၀န်ကြီးဌာန၏ ထမင်းနှဲ ထိုးပြိုင်ပွဲကို ကျင်းပ ခဲ့ပါတယ်။ ပြိုင်ပွဲမှာ ဦးစီးဌာနများမှ အသင်း(၅)သင်း ပါဝင်ယှဉ်ရပါတယ်၊ ပေးတဲ့ ဆုတွေကတော့ ပထမဆု ၊ ဒုတိယဆု ၊ တတိယဆု နှင့် နှစ်သိမ့်ဆု(၂)ဆု ဖြစ်ပါတယ်။

သို့အတွက်ကြောင့်ကျွန်တော်လည်းဌာနမှ ၀န်ထမ်းများနှင့်အတူပြိုင်ပွဲဝင်ရန် လိုအပ်သည့်ပစ္စည်းများဝယ် သူက၀ယ်၊ငှားသူကငှား နှင့် ရုံးတက်ရက်မှာ ရုံးလုပ်ငန်းတဖက်နှင့် အုန်းသီးခွဲသူ၊ အုန်းသီးခြစ်သူ၊ ကြက်သွန်-ဂျင်း များလှီးသူများနှင့်တစ်ယောက်တစ်လက် ၀ိုင်းဝန်း လုပ်ဆောင်ကြပါတယ် ၊ ကျွန်တော် အပါအ၀င် အခြားဝန်ထမ်းများအားလုံးရဲ့အသိမှာ ဘာမှမပူပါနဲ့ ”နှစ်သိမ့်ဆု ” တော့ရမှာပါ ပြောနေ မိကြတယ်။ ဒါပေမဲ့ အားလုံးဟာ ပျော်ပျော်ရွှင်ရွှင်ပဲ ၀ိုင်းဝန်းလုပ်ဆောင်ကြပါတယ်။

ဖေဖော်ဝါရီလ(၁၆)ရက်နေ့ ညနေ(၃း၀၀) နာရီလောက်ကတည်းက ၀န်ထမ်းများကို ကားဖြင့်ကြိုပြီး ပြိုင်ပွဲ ကျင်းပမဲ့နေရာကို သွားရောက်ခဲ့ကြပါတယ် ၊ ရောက်လျှင်ရောက်ချင်း ဒယ်အိုးဆေးသူ၊ ပုဂံခွက်ယောက်ဆေးသူ ၊ လိုအပ်သည်များသယ်ယူသူ၊ မီးဖိုကျင်းတူးသူ၊ ရေခပ်သူများနဲ့တက်ညီလက်ညီ မခိုမကပ်ပါဝင် ဆောင်ရွက် ကြပါတယ်၊ အခြားဦးစီးဌာနများမှလည်းကျွန်တော်တို့လိုပဲ ပြင်ဆင်နေကြပါတယ်၊ ဒါတောင်အချို့ဌာနများမှ ကြိုတင်အစမ်းထိုးနေသူတွေတောင်ရှိနေပါတယ်။

ပြိုင်ပွဲကို ညနေ(၆း၀၀) နာရီမှာကျင်းပခဲ့ပါတယ်၊ အသင်း(၅) သင်းပါဝင်ယှဉ်ပြိုင်ပါတယ်၊ အသင်း(၁) သင်း လျှင်ခေါင်းဆောင်(၁)ဦး၊ ထိုးမည့်သူ(၂)ဦး နှင့်အရံ(၂) ဦး စုစုပေါင်း (၅) ဦးပါဝင်ပါတယ်၊ ထမင်းနှဲ ထိုးဖို့အချိန် ကတော့ (၁)နာရီသတ်မှတ်ပါတယ်၊


ကျွန်တော့်ဌာနခွဲမှ ညီငယ်တစ်ဦးက ဒီလိုပြိုင်ပွဲမျိုး ပါချင်တယ်ဆိုပြီးအသင်းသားအနေနဲ့ ပါဝင်ခဲ့ပါတယ်၊ အားလုံးတက်ညီလက်ညီနဲ့ ပါဝင် ဆောင်ရွက် နေကြတာ မမောနိုင်ပါဘဲ၊ မီးဖိုကျင်းတူးရာမှာလည်း ညနေ ဆိုပေမယ့် နေမကျသေးတော့ နေပူထဲမှာ တူးရတာပါ၊ ဒီမှာ စတိုင်ထုတ်လာတဲ့သူကလည်း မြေကျင်းတူးပေးတာတွေ့ရတယ်၊ ကျန်သူတွေ လည်း အိုးတိုက်/ဆေး တယ်၊ မမ တွေ ညီမတွေဆိုလည်း အုန်းသီးဝင်ကြော်ပေးတယ်၊ ရေခပ်ပေးတာ လည်းပါတယ်၊ လိုအပ်တဲ့ ပစ္စည်း ဆိုင်ကယ်နဲ့ပြေးဝယ်ပေးတဲ့သူလည်းရှိတယ်၊ ကင်မရာနဲ့အခမဲ့ မှတ်တမ်းတင်ပေးတဲ့သူလည်းရှိတယ်၊လိုအပ်တာ များပံ့ပိုးပေးသူလည်းရှိတယ်၊ နဲနဲများသွားလို့ ပြိုင်ပွဲ မလာနိုင်ဘဲ အခန်းကနေ ထမင်းချက်ပြုတ် ကျွေးတဲ့အစ်ကို လည်းရှိတယ်၊ အသင်းသားတစ်ဦး အချိန် မမီလို့ လူစားဝင်ပေးမယ့်သူအဆင်သင့် အခြားကူညီပေးတဲ့ ညီငယ် တွေလည်းအများကြီး အားလုံး စည်းလုံးမှုအပြည့်နဲ့ သူတာဝန်ကိုယ်တာဝန်မခွဲခြားဘဲ ၀ိုင်းဝန်းပြင်ဆင် နေကြ တယ်၊ထိုအချိန်မှာပဲ ပြိုင်ပွဲကျင်းပရေးကော်မတီမှ မိုက်တစ်လုံးနဲ့အော်နေပါပြီ၊ ပြိုင်ပွဲဝင်အဖွဲ့တွေ လိုက်နာ ရမယ့် စည်းကမ်းတွေ၊ စစ်ဆေးအကဲဖြတ်ပေးမယ့်သူများစာရင်းတွေကို ကြေငြာနေပါတယ်၊ ထို့နောက် အဖွဲ့သားများနဲ့ ပစ္စည်းများကို စစ်ဆေးပါတယ်။

ပြိုင်ပွဲစလျှင်ပဲ ဌာနများကလည်း ကိုယ့်အဖွဲ့ကိုကိုယ် အားပေးကြတာပျော်စရာကြီးပဲ၊ အကဲဖြတ် ဒိုင်တွေက ထမင်းနှဲထိုးသူ ပြိုင်ပွဲဝင် တွေရဲ့စည်းလုံးမှု၊ အပြင်အဆင်၊ ပြိုင်ပွဲဝင်ပစ္စည်းများကို သေသပ် ကျနပြီး စနစ်တကျ စီစဉ်ထားမှု၊ သပ်ရပ်သန့်ရှင်းမှု ၊ အချိန်မီပြီးစီးမှု နဲ့ အရသာကောင်းမှုတို့ကို အမှတ်ပေးသွားပါတယ်၊ နောက်ဆုံး ပြီးဆုံးချိန်မှာ ရမှတ်များ တွက်ချက်ကြပါတယ်၊ ကျွန်တော်ရုံးမှ အဖွဲ့က တတိယ ဆုရရှိပါတယ်။


ကျွန်တော်အပါအ၀င် အားလုံး မထင်မှတ်ထားတာရတဲ့အတွက် ၀မ်းသာပြီး အရမ်းပျော်ကြပါတယ်။ ပွဲပြီးချိန် အခန်းမှာထမင်းသွားစား ကြတော့ အားလုံးရဲ့မျက်နှာမှာ ပျော်ရွှင်မှုအပြည့်တွေ့ရပါတယ်၊ နှစ်သိမ့်ဆုနဲ့ ကျေနပ် ရမယ့်ဟာ ယခုကဲ့သို့ တတိယဆု ရလိုက်ခြင်း သည် ကျွန်တော်တို့အဖွဲ့သားအားလုံးရဲ့ မလျော့သောဇွဲ ၊ လုံ့လ နဲ့ စည်းရုံးခြင်း၏ ရလာဒ်ပဲ ဖြစ်ပါတော့တယ်။


ဖိုးသောကြာ

တန်ဆောင်မုန်းလပြည့်နေ့  ည အတွေ့ အကြုံ တစ်ခု



တန်ဆောင်မုန်းလပြည့်နေ့  ည (၂၄.၁၁.၂၀၀၇) ရက်နေ့  ညနေ ၆း၃၀ နာရီမှာ နေပြည်တော် ရဲ့  မြို့တော်ခန်းမ ရှေ့ ကွင်းပြင်ကျယ်ကြီးမှာ တန်ဆောင်တိုင်မီးပုံးပျံ လွှတ်ပြိုင်ပွဲကြီး ကျင်းပပါတယ်၊ “မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်” ဆိုတဲ့အတိုင်း ၂၀၀၇ ခုနှစ် နိုဝင်ဘာလ (၁၇ မှ ၂၅) ထိ တောင်ကြီးမြို့  မှာလည်း တန်ဆောင်တိုင်မီးပုံးပျံပွဲ ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်။

တန်ဆောင်းမုန်းလပြည့်နေ့  ည (၂၄.၁၁.၂၀၀၇) ရက်နေ့  ည မှာနေပြည်တော် မြို့တော်ခန်းမမှာ ကျင်းပတဲ့ မီးပုံးပျံ လွှတ်ပြိုင်ပွဲ ကို ကျွန်တော်ရောက်သွားခဲ့ပါတယ် . . . . . ၊
ကျွန်တော့်ဌာန မှ သွားချင်သူအတော်များများကို လိုက်လံခေါ်ဆောင်ပြီး ပို့ ပေးခဲ့ရပါတယ်၊
ဒါကလဲ အခုခေတ်စားနေတဲ့ စပွန်ဆာ ရှိလို့  ပျော်ရွှင်စွာပို့ ပေးနိုင်ခဲ့တာပါ . . .။

ကွင်းပြင်ကြီးထဲမှာ . . . . . မီးပုံးပျံလွှတ်မဲ့သူတွေ နဲ့ လာရောက်ကြည့် ရှုသူတွေ အများကြီးပဲ ပျော်စရာကောင်းပါတယ်. . .။
ရောက်တယ်ဆိုရင်ပဲ ကားပေါ်ပါသူအားလုံးကိုအဆင်းမှာအချိန် သတ်မှတ်ချက်တစ်ခုမှာလိုက်ပါတယ်၊ သတ်မှတ်ချိန် အတွင်းပြန်လာ နိုင်ရန်ဖြစ်ပါတယ်၊မီးပုံးပျံလွှတ်တာ တစ်ခါမှ မမြင်ဘူးတဲ့ ကျွန်တော့်အတွက် အထူးအဆန်း ဖြစ်နေပါတယ်၊

သို့ အတွက်မီးပုံးပျံကို မှိုင်းတိုက်တဲ့ မီးတောက်တွေ အနားထိ အနီးကပ်ကြည့်တယ်၊ မီးအလှဆင်ပုံတွေ ကိုလိုက်လေ့လာတယ် မီးပုံးပျံလွှတ် မယ့် အဖွဲ့  မှာ မှိုင်းတိုက်နေတုန်းမှာပဲ ရှမ်းအိုးစည်တွေ ၊ မောင်းတွေနဲ့  တီးခတ်နေကြပြီး က ခုန်နေကြတာ ပျော်စရာပဲ. . .ယမ်းများ ၊ မီးအလှဆိုင်းများကို အဖွဲ့ လိုက်ကိုင်ဆောင်သူများ၊ မီးအလှထွန်းညှိနေသူများ ၊ မီးပုံးပျံ မှိုင်းဝအောင် မှိုင်းတိုက်သူများ၊ မှတ်တမ်းတင်ဓါတ်ပုံရိုက်သူများ ၊ စီစဉ်ညွှန်ကြားသူများနဲ့ အားလုံး ကိုယ်စီကိုယ်စီ ကျရာတာဝန်ကို တညီတညွတ်တည်း လုပ်ဆောင်နေတာ ဟာ စည်းလုံးညီညွတ်မှု ကိုဖော်ဆောင်နေပါတယ်။

လွှတ်တင်ကြတဲ့ မီးပုံးပျံတွေရဲ့တန်ဖိုးဟာ (၁၀) သိန်းအထက်မှာရှိပါတယ်. . .အကုန်အကျများသလို တကယ်လည်းကြည့်လို့  ကောင်းတယ်၊ အပေါ်ကိုတက်သွားလေ မီးရှုးမီးပန်းတွေက ကျလာလေပဲ ၊ အချို့  မီးပုံးပျံတွေ မှာဆို စာတန်းတွေ ၊ မြန်မာပြည်မြေပုံတွေ၊ ကုမ္ပဏီ တံဆိပ်တွေကို ရောင်စုံ မီးတွေထွန်းညှိပြီး လွှတ်တင်လိုက်ကြတယ်. . . . .။
အပေါ်ရောက်ရင်မီးရှုးမီးပန်းတွေ ဖြာထွက်လာတာ အကြာကြီးပဲ၊ တော်တော်နဲ့  မီးမငြိမ်းနိုင်အောင် လုပ်ထားကြတာဟာလည်း ယမ်းမီး အချိတ်အဆက် ချိန်ညှိနိုင်မှု ပညာရပ်ပါပဲ၊ တစ်ဖွဲ့ ပြီး တစ်ဖွဲ့  ယှဉ်ပြိုင်ရတယ်၊ အချို့  မီးပုံးပျံတွေက အန္တရာယ်ရှိတာတွေ့  ရပါတယ်
အပေါ်မရောက်သေးဘူး အောက်ခြေမှာတွင် မီးရှုးမီးပန်းတွေပေါက်ကွဲထွက်ကုန်ပါတယ်၊ အနားမှာ ရှိတဲ့သူများ ထိမိရင်အန္တရာယ်ရှိနိုင်ပါတယ်။

ကျွန်တော်တို့  အဖွဲ့  တွေ တော်တော်ကြာအောင် လျှောက်ကြည့်ပြီးတော့ သတ်မှတ်ချိန်မှာပြန်ကြပါတယ်. . .

ဒါပေမဲ့ . . . အဲဒီမှာ စတာပဲ
အများနဲ့  ဆက်ဆံတဲ့အချိန်မှာ အားလုံးတညီတညွတ်တည်းဖြစ်ရမယ်ဆိုတာ သတိမထားဘဲ ကိုယ်သဘောအတိုင်း လုပ်ကိုင်ဆောင်ရွက်မိရင် အခြားသူတွေကို စိတ်အနှောက်အယှက်ဖြစ်နိုင်ပါတယ် ဆိုတာကို သိလိုက်ရပါတယ် . . . . . ။

အမှတ်တရအနေနဲ့ အတွေ့ အကြုံတစ်ခု ရခဲ့တဲ့ ညကလေးပါပဲ . . . . .။



ဖိုးသောကြာ

PDF မှ Microsoft Word ပြောင်းလဲရန် Converter Software . . .




အားလုံးအသုံးဝင်မယ်လို့  ထင်ပါတယ်



ဒီနေရာကနေ ယူသုံးနိုင်ပါတယ်


PDF format ရိုက်ထားသော/သိမ်းထားသော စာများအား Microsoft Word format နဲ့  အသုံးပြုချင်တာလေးတွေရှိတတ်ပါတယ်။ (ဥပမာ . . . PDF format ရိုက်ထားသော လျှောက်လွှာပုံစံများ၊ ၄င်း လျှောက်လွှာပုံစံများကို ဖြည့်စွက်ရန် Microsoft Word format နှင့်ဖြစ်ပါက အလွယ်တကူဖြည့်စွက်နိုင်ပြီး Print ထုတ်ယူနိုင်ပါသည်)
ထို့ ကဲ့သို့  အသုံးဝင်သော Software လေးတစ်ခုကို ညီငယ်တစ်ယောက် က ပေးလာပါတယ်။
ကျွန်တော်ကိုယ်တိုင်စမ်းသုံးကြည့်တာ ကောင်းတယ်လို့  ပြောရမယ်၊ ဒါပေမဲ့ Free Software ဖြစ်လို့  အကြိမ်(၁၀၀) သာ အသုံးပြုခွင့်ရှိပါတယ်။ တစ်ခါ ပြောင်းရင် PDF format စာမျက်နှာ(၅)မျက်နှာကို ပြောင်းပေးပါနိုင်ပါတယ်။စမ်းသုံးကြည့်ပါ။ ဘာပဲဖြစ်ဖြစ် အထောက်အကူတော့ဖြစ်မှာပါ။ အွန်လိုင်းမှာ ၀ယ်မယ်ဆိုရင် ၃၉.၉၅ ဒေါ်လာ ပေးရမှာဖြစ်ပါတယ်။
အောက်မှာပါတဲ့ Link ကို နှိပ်ပြီး Download ယူနိုင်ပါတယ် . . .
http://www.verypdf.com/pdf2word/index.html

Virgo

သူငယ်ချင်း အတွက် အမှတ်တရ






သူငယ်ချင်း . . . . .
လိုအင်ဆန္ဒပြည့်ဖို့ ရာ
မောဟ မထား စိတ်ဖြူထား
ကိုယ်စိတ် နှစ်ပါး အေးချမ်းမှာ

Virgo






ခွင့်ပြုပေးတာကျေးဇူးတင်ပါတယ်

PC ကွန်ပျူတာ(၁)လုံး တွင် သုံးစွဲသည့် လျှပ်စစ်စွမ်းအင်


ကွန်ပျူတာမှာ စွမ်းအင်ဘယ်လောက်သုံးသလဲဆို သိဖို့  အတွက်
အင်ဂျင်နီယာ တစ်ယောက်
ကွန်ပျူတာ တွေရဲ့ နောက်မှာရှိတဲ့
အညွှန်းစာသားတွေကို လိုက်ကြည့်ပြီး
ပြောလိုက်တာက . . . 125 watts အသုံးပြုတယ်တဲ့

ကိုယ်တွေ့  ဖြစ်ရပ်လေးပါ . . .
ကျွန်တော်သိထားတာလေးမျှဝေဖို့  အတွက်
အောက်မှာ
PC ကွန်ပျူတာ(၁)လုံး တွင် သုံးစွဲသည့်
လျှပ်စစ်စွမ်းအင် ပမာဏကို ဖော်ပြလိုက်ပါတယ် . . .။


CPU
Intel Pentium 20 watts
Intel Celeron 20 watts
AMD Duron 25 watts
Intel Pentium II, III 30 watts

Memory
32 MB 2.3 watts
64 MB 5 watts
128 MB 10 watts

Heard Drives

one drive 25 watts
two drive 50 watts

Optical drives

CD ROM 25 watts
CD RW 30 watts
DVD ROM 30 watts
Floppy 5 watts

Graphics card

2D card 5 watts
3D card-8MB RAM 20 watts
more 16MB RAM 30 watts
sound card 7 watts
Modem card 5 watts
PCI video 10 watts
PCI card 5 watts

Motherboard 20 watts

Monitor

17” CRT 80 watts
17” LCD 54 watts

PC ကွန်ပျူတာ(၁)လုံး သည် Monitor အပါအ၀င် အမြင့်ဆုံးပစ္စည်းများ တပ်ဆင်ထားပြီး၊ HDD -၂ လုံး၊ CD drive - ၂ လုံး စသည်တို့ 
တပ်ဆင်ထားပါကအနည်းဆုံး ၀ပ် ၃၀၀ နီးပါးခန့် အသုံးပြုပါသည်။
(Laptop ၁ လုံးသည် ၀ပ် ၅၀ မျှသာ သုံးပါသည်။)

Source by - ကွန်ပျူတာဂျာနယ်

ပေါင်းသင်းဆက်ဆံရေးနည်းလမ်းများ . . . . . .

- လိုချင်သူကို
လက်ဆောင်ပေးပြီး
သိမ်းသွင်း ရတယ် . . . . . ။

- ကြမ်းတမ်း ခက်ထန်သူကို
လက်အုပ်ချီ အရိုအသေ ပေးပြီး
သိမ်းသွင်း ရတယ် . . . . . ။

- လူဖျင်း လူအ ကို
သူ့  အကြိုက် လိုက်ပြီး
သိမ်းသွင်း ရတယ် . . . . . ။

- ပညာရှိ ကို တော့
မလိမ်မညာ အမှန်အတိုင်း ပြောပြီး
သိမ်းသွင်း ရတယ် . . . . . ။

ဖိုးသောကြာ

အောင်မြင်ဖို့  အတွက် အဓိက သော့ချက်များ . . .

အပြင်းအထန် ကြိုးစားလေ့ကျင့်ခြင်း (ပါရမီ ဆိုတာ ချွေး ၉၉% ပါရှိတယ်)

 စိတ်တည်ငြိမ်မှုရှိခြင်း

 အခြားသူများကို လေ့လာပါ

 မိမိ ကိုယ်ကို မိမိ နှိမ်ချပါ

 ဘယ်သောအခါ မှ ရောင့်ရဲနှစ်သိမ့် မနေပါနဲ့  (ကြိုးစားအားထုတ်မှုကိုသာ ဆိုခြင်းဖြစ်တယ်)

တစ်ကမ္ဘာလုံးနှီးနွယ်ဆက်စပ်မှုဖြစ်စဉ်ဆိုတာ (Globalization)


Globalization ဆိုသည်မှာ တစ်ကမ္ဘာလုံးနှီးနွယ်ဆက်စပ်မှုဖြစ်စဉ်ကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ တစ်နည်း အားဖြင့်ဆိုသော် ကမ္ဘာကြီးသည် ရွာကြီး တစ်ရွာကဲ့သို့  ဖြစ်သွားပြီး ရွာအရှေ့ ပိုင်းတွင် ဖြစ်ပေါ်ပြောင်းလဲနေမှု များကိုရွာအနောက်ပိုင်းမှ တခဏအတွင်းချက်ချင်းသိနိုင်သလို ကမ္ဘာကြီး၏အရှေ့ ဘက်ပိုင်းတွင် ဖြစ်ပေါ်ပြောင်း လဲနေသော သတင်းအချက်အလက်များကို မိုင်ပေါင်းများစွာ ဝေးကွာသော ကမ္ဘာ့ အနောက်ပိုင်းမှ အချိန်နှင့် တပြေးညီချက်ချင်းသိရှိနိုင်လာခြင်းပင်ဖြစ်ပါတယ်။

ကွန်ယက်ဆက်သွယ်မှု (Internet) စနစ်ကြောင့်ပင် Online ပေါ်မှ ပညာသင်ကြားနိုင်ခြင်း၊ စီးပွားရှာနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ခြင်း၊ သတင်းအချက်အလက်များ ရယူ နိုင်ခြင်း ၊ နည်းပညာများ ရရှိ နိုင်ခြင်း ၊ အခြားအခွင့်အလမ်းများ ရရှိနေနိုင်ပြီဖြစ်ပါတယ်။

ဤကဲ့သို့  တစ်ကမ္ဘာလုံးနှီးနွယ်ဆက်စပ်မှု ဖြစ်ပေါ်လာသည်မှာ အောင်မြင်မှု ကောင်းကျိုး များရှိနိုင်သလို ဆုံးရှုံးမှု ဆိုးကျိုးများလည်း ဆက်တိုက်ဖြစ်ပေါ်နေသည်ကို အားလုံးသတိပြုရန် လိုပါမည်။ ထိုသို့  နှီးနွှယ်ဆက်စပ် နေမှုဆိုသည်မှာလည်း Information Technology (IT) သတင်း အချက် အလက်နည်းပညာကြောင့်ပင် ဖြစ်ပါသည်။ IT ဟုဆိုရာ၌ ဆက်သွယ်ဆောင်ရွက်ခြင်း (Communication)၊ သယ်ယူပို့ ဆောင်ရေးရှိခြင်း (Transportation) နှင့် ကွန်ယက်ဆက်သွယ်မှု (Internet) တို့  သည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ပါ သည်။ ထိုထဲတွင်မှ ကွန်ယက် ဆက်သွယ်မှုစနစ် (Internet) သည် တစ်ကမ္ဘာလုံးရှိ လူများအသုံးပြု ဆောင်ရွက် နေကြသည့် အရာ ဖြစ်ပါသည်။ ကွန်ယက် ဆက်သွယ်မှုစနစ် (Internet) များတွင် Virus ၀င်ရောက်တိုက်ခိုက် မှုများ၊ Hacker များမှ Data နှင့် Information များကို ခိုးယူသုံးစွဲခြင်းများ ၊ ထို့ ပြင် ယခုခေတ်စားနေသော Phishing ဟုခေါ်သည့် နည်းလမ်းဖြင့် မိမိ၏ ဘဏ်စာရင်း(Bank Account)၊ ကြွေးဝယ်ကဒ် (Credit Card) များ ထဲမှ ငွေများကိုခိုးယူသုံးစွဲနေခြင်းများ အစရှိသည့် ကိစ္စများ ဖြစ်ပေါ်နေခြင်းမှာ တစ်ကမ္ဘာလုံးနှီးနွှယ် ဆက်စပ် မှုဖြစ်စဉ် (Globalization)ဆိုသည့် အရာဖြစ်ပေါ်လာပြီးမှ ရင်ဆိုင်ရသော ဆိုးကျိုးကိစ္စရပ်များပင် ဖြစ်ပါသည်။ အထက်ပါဆိုးကျိုးများကို နည်းပညာများ အရမ်းတိုး တက်ပါသည်ဆိုသော အနောက်နိုင်ငံကြီးများမှာပင်ယနေ့ ထိတိုင်ရင်ဆိုင်ကြုံတွေ့  နေရပါသည်။

ဆိုးကျိုးများအနေဖြင့် Virus တိုက်ခိုက်မှုကြောင့် ကမ္ဘာ့နိုင်ငံ တော်တော်များများတွင် ကွန်ပျူတာ စနစ် များပျက်ဆီးရခြင်း၊ အရေးကြီးသော Data များ ပျက်ဆီးဆုံးရှုံးရခြင်း၊ Y2K ပြဿနာကြောင့် နိုင်ငံအချို့ တွင် ကွန်ပျူတာကွန်ယက်နှင့်ပတ်သက်မှုများ ပျက်ဆီးဆုံးရှုံးခြင်းများ ကြောင့်ငွေကြေးနှင့်အချိန်တို့  ဆုံးရှုံးရခြင်းများ ဖြစ်ပေါ်ခဲ့ရပါသည်။ အဆိုပါ ဆိုးကျိုးများအား ယနေ့  အချိန်ထိ တားဆီးထိန်းချုပ်နိုင်စွမ်း မရှိသေးပါ။

Internet ကွန်ယက်စနစ်များကြောင့် အချိန်နှင့်တပြေးညီ ဆက်သွယ် ဆောင်ရွက် သိရှိရနိုင်မှု အကျိုး ကျေးဇူးများရရှိနိုင်သလို ဆုံးရှုံးမှု ဆိုးကျိုးများလည်း ရှိနေပါတယ်။ ဆိုးကျိုးများ အနေဖြင့် Internet ပေါ်တွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား လိင်ဆက်ဆံမှု ကိစ္စများ ဖြင့် ဖျားယောင်းခံရခြင်း၊ မိန်းကလေး များအား မဟုတ်မဟတ်ပုံများပြုလုပ်၍ ထုတ်လွှင့်ဖော်ပြနေခြင်း၊ Movie File များလွှင့်တင်ထားခြင်း၊ လောင်း ကစားမှုများ ပိုမိုများပြားလာခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများ နှင့် အကြမ်းဖက်လုပ်ရပ်များအကြောင်း လွှင့်တင်လာခြင်း၊ Network Game များအား အလွန်အကျွံကစားခြင်းများကြောင့် မဖြစ်သင့်သော ဆိုးကျိုးများ ဖြစ်ပေါ်တွေ့ ကြုံနေရသည်မှာ ငြင်းဖွယ်ရာမရှိပါ။

Information Technology (IT) ဟုဆိုရာ၌ ဖွံ့ ဖြိုးဆဲ နိုင်ငံများတွင် လူသားတိုင်း တတ်သိနားလည် လေ့လာသင်ယူနိုင်ရန်အတွက် လိုအပ်သော အထောက်အကူပစ္စည်းများ ၊ နည်းပညာများသည် ဈေးနှုန်း မြင့်မား သောကြောင့် လူတိုင်းကိုင်တွယ်အသုံးမပြုနိုင်ကြပါ။ ယခုအခါတွင် ကွန်ပျူတာပင်လျှင် လူတိုင်းလူတိုင်း သုံးစွဲ နိုင်ခြင်း ၊ တတ်ကျွမ်းခြင်း မရှိသေးသည်ကို တွေ့ နေရပါသည်။ Mobile ဖုန်းများပင် လူတိုင်း သုံးစွဲနိုင်ခြင်း မရှိ သေးပါ။

သို့ အတွက်ကြောင့် Globalization ပေါ်ပေါက်လာမှုတွင် ငွေကြေးကုန်ကျများခြင်း၊ လူတိုင်းစေ့ ပါဝင် ပတ်သက် သုံးစွဲနိုင်မှုမရှိခြင်းများ ဖြစ်ပေါ်နေသည်မှာ မသိမမြင်ကြ၍ပဲလား ၊ လစ်လျရှုထား၍ပဲလား မဆိုနိုင်ပါ။ တစ်ကမ္ဘာလုံးနှီးနွှယ်ဆက်စပ်မှုဖြစ်စဉ် (Globalization) တွင် ကောင်းကျိုးများ ရှိနိုင်သလို ဆိုးကျိုးများလည်း ရှိနေသေးသည်မှာ အမှန်ဧကန်ပင်ဖြစ်ပါတယ်။

(မိတ်ဆွေတို့  ရဲ့  ထင်မြင်ယူဆချက်များကိုလည်း မျှော်လင့်မိပါတယ် . . . . . .။) Virgo