Friday, March 14, 2008

စည်းလုံးခြင်း ၏ ရလာဒ်

နေပြည်တော်သို့ ၀န်ကြီးဌာနများ ရန်ကုန်မြို့ မှ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ မှစ၍ ပြောင်းရွှေ့ဖွင့်လှစ် ခဲ့ပါတယ်။ ထိုအချိန်မှစ၍ ကျွန်တော်တို့တတွေပုံမှန်ရုံးလုပ်ငန်းများ အား ဆောင်ရွက်လျက်ရှိပါတယ်။ နေပြည်တော်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင် နေကြသူများအားလုံးနီးပါး ရန်ကုန်မြို့မှာရှိတဲ့ မိသားစုများနဲ့ခွဲခွာပြီးလာရောက် တာဝန်ထမ်းဆောင် နေကြသူများ သာ ဖြစ်တယ်။

ယခုလို တာဝန်ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းများပျော်ရွှင်ကျန်းမာစွာ နိုင်ငံတာဝန်ထမ်းဆောင်နိုင်ရန် ဌာန အကြီးအကဲများကလည်း ပျော်ပွဲရွှင်ပွဲများ ၊ အားကစားပြိုင်ပွဲများ၊ သက်သာချောင်ချိရေး ထောက်ပံ့မှုများ ၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ လစဉ်ရုံးလုပ်ငန်းနှင့် ရုံးတက်မှန်မှုများ အတွက် ဆုကြေးငွေများ ထောက်ပံ့ ပေးခဲ့ကြပါတယ်။

တကယ်တော့ ကျွန်တော့်ဌာနမှာ ရှိတဲ့ ၀န်ထမ်းများအားလုံးဟာ စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်ရွှင်ရွှင် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှုရှိတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ပါတယ်။ ရုံး လုပ်ငန်း လုပ်ဆောင်ရာမှာလည်း ရာထူးကြီး/ငယ်မရွေး ကျရာတာဝန်ကို ကျေပွန်စွာ ဆောင်ရွက် နေကြတယ်ဆိုတာ ကိုယ်တွေ့ပါပဲ၊ အစက ကျွန်တော်စိတ်မှာထင်မိတာက တာဝန် ဆိုတဲ့အသိကြောင့် လုပ်ကြတယ်ထင်မိတာ အခုမှ သိရတယ်. . . . .။

ရလာဒ် (၁)
ကျွန်တော့်ဌာန မှ အကြီးအကဲများက ပြည်ထောင်စုနေ့မှာ ၀န်ထမ်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ထမင်းစား ပွဲလေးလုပ်ချင်တယ်လို့ဆိုပြီး တာဝန် ခံတွေ ပြောလာပါတယ်။ ဒီလိုလုပ်မယ်ဆိုတော့ ဘယ်ဆိုင်မှာ ကျွေးမလဲ၊ ဘာတွေမှာမလဲ၊ ဘယ်လောက်ကုန်မှာလဲဆိုတဲ့အချက်တွေကို ကြိုတင် ညှိနှိုင်းနေကြ ရပါတယ်။ နောက်ဆုံး အစီအစဉ်ကတော့ ဌာနမှာရှိတဲ့ဝန်ထမ်းများ စုစုစည်းစည်းနဲ့ စည်းလုံးမှုရှိအောင်၊ ပျော်ရွှင်စရာလည်း ကောင်း အောင်ဆိုပြီး အိမ်တစ်အိမ်မှာ ညစာ ချက်ပြုတ်စားသောက်ကြမယ် ဆိုပြီးစီစဉ်ပါတော့တယ်၊ ဟင်းတွေ ကတော့ ဘူးသီးနဲ့ကြက်သားဟင်း၊ ကြက်သားနဲ့ကုလားပဲအရော၊ ပုဇွန်ခြောက်ငရုတ်သီးကြော် နှင့် သရက်ချဉ်သုပ်တို့စီစဉ်ပြီး ၀န်ထမ်း တစ်ဦးရဲ့ အခန်းမှာပြုလုပ်ရန်အတွက် ၀ယ်ယူချက်ပြုတ်ရေးအတွက် စုစု စည်းစည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း တက်ကြွစွာပါဝင်ခဲ့ပါတယ်။
ကျွန်တော့်ဌာနရဲ့ အမှတ်တရ ပြည်ထောင်စုနေ့ ညစာ စားပွဲလေးမှာ စုစုစည်းစည်းလုပ်ကိုင်ဆောင်ရွက်ကြပုံ၊ အကြီးအကဲများမှလည်း ၀န်ထမ်းများနှင့် အတူတကွ စားသောက်နေပုံ၊ ကာရာအိုကေသီးချင်းများ ပျော်ရွှင်စွာ သီဆိုနေကြပုံတွေကို ကြည့်ရသည်မှာ ရင်မှာ ပီတိဖြစ် မိပါတယ်၊ ငါတို့ဝန်ထမ်းတွေ အကြီး အငယ်မရွေး၊ ယောက်ျား မိန်းမ မရွေး အတူတကွ ပူးပေါင်းဆောင်ရွက်ကြတာသည် တကယ့်စည်းလုံးမှုတစ်ခုပါပဲ၊
ညစာစားလို့အပြီးမှာ ဌာန အကြီးအကဲများမှ ၀န်ထမ်းများရဲ့စည်းလုံးမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ရော အားလုံးပင်ပန်းကြတဲ့ အတွက်ရောဆိုပြီး ပျော်ရွှင်ဖွယ်ဖြစ်အောင် ငွေသားကံစမ်းမဲဖောက်ပေးပါတယ်၊ အတော်များများ မဲပေါက်ကြလို့ပျော်ရွှင်နေကြပါတယ်၊ (ဒါပေမဲ့ ကျွန်တော် မဲ မပေါက်ပါ) ဒါပေမယ့် အဲဒီညမှာ ၀န်ထမ်း များအားလုံးမစုံတဲ့အတွက် ကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ်။ ၀န်ထမ်း များအားလုံး ပါဝင်ပူးပေါင်း ဆောင်ရွက်လုပ်ကိုင်ကြတာသည် ပြည်ထောင်စုနေ့ရဲ့ အဓိပ္ပါယ်ကို ပေါ်လွင်အောင်ပြသလိုက်တာပါပဲ ဆိုတာ ကျွန်တော်သိလိုက်ရပါတယ်။

ရလာဒ် (၂)


ဝန်ကြီးဌာန၏ ချမှတ်ထားတဲ့မူများထဲမှ ၀န်ထမ်းများအားလုံးပျော်ရွှင်ချမ်းမြေ့စေရန် ၊ ဦးစီးဌာနများ အားလုံး စည်းလုံးစေရန် ဆိုပြီး ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ(၁၆) ရက်နေ့မှာ ၀န်ကြီးဌာန၏ ထမင်းနှဲ ထိုးပြိုင်ပွဲကို ကျင်းပ ခဲ့ပါတယ်။ ပြိုင်ပွဲမှာ ဦးစီးဌာနများမှ အသင်း(၅)သင်း ပါဝင်ယှဉ်ရပါတယ်၊ ပေးတဲ့ ဆုတွေကတော့ ပထမဆု ၊ ဒုတိယဆု ၊ တတိယဆု နှင့် နှစ်သိမ့်ဆု(၂)ဆု ဖြစ်ပါတယ်။

သို့အတွက်ကြောင့်ကျွန်တော်လည်းဌာနမှ ၀န်ထမ်းများနှင့်အတူပြိုင်ပွဲဝင်ရန် လိုအပ်သည့်ပစ္စည်းများဝယ် သူက၀ယ်၊ငှားသူကငှား နှင့် ရုံးတက်ရက်မှာ ရုံးလုပ်ငန်းတဖက်နှင့် အုန်းသီးခွဲသူ၊ အုန်းသီးခြစ်သူ၊ ကြက်သွန်-ဂျင်း များလှီးသူများနှင့်တစ်ယောက်တစ်လက် ၀ိုင်းဝန်း လုပ်ဆောင်ကြပါတယ် ၊ ကျွန်တော် အပါအ၀င် အခြားဝန်ထမ်းများအားလုံးရဲ့အသိမှာ ဘာမှမပူပါနဲ့ ”နှစ်သိမ့်ဆု ” တော့ရမှာပါ ပြောနေ မိကြတယ်။ ဒါပေမဲ့ အားလုံးဟာ ပျော်ပျော်ရွှင်ရွှင်ပဲ ၀ိုင်းဝန်းလုပ်ဆောင်ကြပါတယ်။

ဖေဖော်ဝါရီလ(၁၆)ရက်နေ့ ညနေ(၃း၀၀) နာရီလောက်ကတည်းက ၀န်ထမ်းများကို ကားဖြင့်ကြိုပြီး ပြိုင်ပွဲ ကျင်းပမဲ့နေရာကို သွားရောက်ခဲ့ကြပါတယ် ၊ ရောက်လျှင်ရောက်ချင်း ဒယ်အိုးဆေးသူ၊ ပုဂံခွက်ယောက်ဆေးသူ ၊ လိုအပ်သည်များသယ်ယူသူ၊ မီးဖိုကျင်းတူးသူ၊ ရေခပ်သူများနဲ့တက်ညီလက်ညီ မခိုမကပ်ပါဝင် ဆောင်ရွက် ကြပါတယ်၊ အခြားဦးစီးဌာနများမှလည်းကျွန်တော်တို့လိုပဲ ပြင်ဆင်နေကြပါတယ်၊ ဒါတောင်အချို့ဌာနများမှ ကြိုတင်အစမ်းထိုးနေသူတွေတောင်ရှိနေပါတယ်။

ပြိုင်ပွဲကို ညနေ(၆း၀၀) နာရီမှာကျင်းပခဲ့ပါတယ်၊ အသင်း(၅) သင်းပါဝင်ယှဉ်ပြိုင်ပါတယ်၊ အသင်း(၁) သင်း လျှင်ခေါင်းဆောင်(၁)ဦး၊ ထိုးမည့်သူ(၂)ဦး နှင့်အရံ(၂) ဦး စုစုပေါင်း (၅) ဦးပါဝင်ပါတယ်၊ ထမင်းနှဲ ထိုးဖို့အချိန် ကတော့ (၁)နာရီသတ်မှတ်ပါတယ်၊


ကျွန်တော့်ဌာနခွဲမှ ညီငယ်တစ်ဦးက ဒီလိုပြိုင်ပွဲမျိုး ပါချင်တယ်ဆိုပြီးအသင်းသားအနေနဲ့ ပါဝင်ခဲ့ပါတယ်၊ အားလုံးတက်ညီလက်ညီနဲ့ ပါဝင် ဆောင်ရွက် နေကြတာ မမောနိုင်ပါဘဲ၊ မီးဖိုကျင်းတူးရာမှာလည်း ညနေ ဆိုပေမယ့် နေမကျသေးတော့ နေပူထဲမှာ တူးရတာပါ၊ ဒီမှာ စတိုင်ထုတ်လာတဲ့သူကလည်း မြေကျင်းတူးပေးတာတွေ့ရတယ်၊ ကျန်သူတွေ လည်း အိုးတိုက်/ဆေး တယ်၊ မမ တွေ ညီမတွေဆိုလည်း အုန်းသီးဝင်ကြော်ပေးတယ်၊ ရေခပ်ပေးတာ လည်းပါတယ်၊ လိုအပ်တဲ့ ပစ္စည်း ဆိုင်ကယ်နဲ့ပြေးဝယ်ပေးတဲ့သူလည်းရှိတယ်၊ ကင်မရာနဲ့အခမဲ့ မှတ်တမ်းတင်ပေးတဲ့သူလည်းရှိတယ်၊လိုအပ်တာ များပံ့ပိုးပေးသူလည်းရှိတယ်၊ နဲနဲများသွားလို့ ပြိုင်ပွဲ မလာနိုင်ဘဲ အခန်းကနေ ထမင်းချက်ပြုတ် ကျွေးတဲ့အစ်ကို လည်းရှိတယ်၊ အသင်းသားတစ်ဦး အချိန် မမီလို့ လူစားဝင်ပေးမယ့်သူအဆင်သင့် အခြားကူညီပေးတဲ့ ညီငယ် တွေလည်းအများကြီး အားလုံး စည်းလုံးမှုအပြည့်နဲ့ သူတာဝန်ကိုယ်တာဝန်မခွဲခြားဘဲ ၀ိုင်းဝန်းပြင်ဆင် နေကြ တယ်၊ထိုအချိန်မှာပဲ ပြိုင်ပွဲကျင်းပရေးကော်မတီမှ မိုက်တစ်လုံးနဲ့အော်နေပါပြီ၊ ပြိုင်ပွဲဝင်အဖွဲ့တွေ လိုက်နာ ရမယ့် စည်းကမ်းတွေ၊ စစ်ဆေးအကဲဖြတ်ပေးမယ့်သူများစာရင်းတွေကို ကြေငြာနေပါတယ်၊ ထို့နောက် အဖွဲ့သားများနဲ့ ပစ္စည်းများကို စစ်ဆေးပါတယ်။

ပြိုင်ပွဲစလျှင်ပဲ ဌာနများကလည်း ကိုယ့်အဖွဲ့ကိုကိုယ် အားပေးကြတာပျော်စရာကြီးပဲ၊ အကဲဖြတ် ဒိုင်တွေက ထမင်းနှဲထိုးသူ ပြိုင်ပွဲဝင် တွေရဲ့စည်းလုံးမှု၊ အပြင်အဆင်၊ ပြိုင်ပွဲဝင်ပစ္စည်းများကို သေသပ် ကျနပြီး စနစ်တကျ စီစဉ်ထားမှု၊ သပ်ရပ်သန့်ရှင်းမှု ၊ အချိန်မီပြီးစီးမှု နဲ့ အရသာကောင်းမှုတို့ကို အမှတ်ပေးသွားပါတယ်၊ နောက်ဆုံး ပြီးဆုံးချိန်မှာ ရမှတ်များ တွက်ချက်ကြပါတယ်၊ ကျွန်တော်ရုံးမှ အဖွဲ့က တတိယ ဆုရရှိပါတယ်။


ကျွန်တော်အပါအ၀င် အားလုံး မထင်မှတ်ထားတာရတဲ့အတွက် ၀မ်းသာပြီး အရမ်းပျော်ကြပါတယ်။ ပွဲပြီးချိန် အခန်းမှာထမင်းသွားစား ကြတော့ အားလုံးရဲ့မျက်နှာမှာ ပျော်ရွှင်မှုအပြည့်တွေ့ရပါတယ်၊ နှစ်သိမ့်ဆုနဲ့ ကျေနပ် ရမယ့်ဟာ ယခုကဲ့သို့ တတိယဆု ရလိုက်ခြင်း သည် ကျွန်တော်တို့အဖွဲ့သားအားလုံးရဲ့ မလျော့သောဇွဲ ၊ လုံ့လ နဲ့ စည်းရုံးခြင်း၏ ရလာဒ်ပဲ ဖြစ်ပါတော့တယ်။


ဖိုးသောကြာ

No comments: