Friday, March 21, 2008

ကျွန်တော် ကြုံတွေ့ခဲ့ဖူးသော မောဟစားသူများ


လူတိုင်းလူတိုင်း မည်သူမဆိုအောင်မြင်ကျော်ကြားလိုခြင်း၊ ကြီးပွားတိုတက်လိုခြင်း၊ ရယူပိုင်ဆိုင်နိုင်ခြင်း စသည့် ဆန္ဒများ ရှိကြသူများချည်းသာဖြစ်ပါတယ်. . .။
သို့ရာတွင် ထိုလိုအင်ဆန္ဒများသည် နည်းမှန်လမ်းမှန် ၊ တရားနည်းလမ်းတကျ သမာသမတ်ကျစွာ ရှိရန်လိုအပ်ပါတယ်။
သို့သော်လည်း . . . . . . .
မောဟ (၁)
ကျွန်တော် ကြုံတွေ့ခဲ့ဖူးသော သူတစ်ဦးဆိုလျှင် အစစ အရာရာ လူများတကာထက် ထင်ပေါ်ချင်သည် ၊ အောင်မြင်ချင်သည်၊ တိုးတက်ချင်သည့် စိတ်ဆန္ဒများ အလွန်များပါသည်။ အမှန်တော့ ထိုသူမှာ အတော်အသင့်လည်း အောင်မြင်နေပြီး၊ ဘ၀အတွက်လည်း တိုးတက်လာခဲ့ပြီး၊သင့်တင့်လျှောက်ပတ်တဲ့ အနေအထားတစ်ခု သို့လည်းရောက်ရှိနေပြီဖြစ်ပါသည်။ သို့ရာတွင် သူ၏စိတ်သန္တာန်တွင် လိုချင်တက်မက်မှုများ ၊ အလိုမပြည့်မှုများဖြင့် မပြည့်စုံနိုင်သေးပါ။ မိမိထက် အသက်အား ဖြင့်သော်လည်းကောင်း၊ ဂုဏ်ရှိန်ဝါပိုင်းဖြင့်သော်လည်းကောင်း ပိုမိုကြီးရင့်သူကိုလည်း လိုက်၍ ယှဉ်ပါသည်။ မိမိထက် ပိုမိုငယ်သူ၊ အားနည်းသူကိုလည်း နေရာမပေးလိုပါ။ မိမိထက်သာသွား ကျော်သွားမှာ စိုးရိမ်မိပါသည်။ ထိုသူ၏ လိုအင်ဆန္ဒများ မပြည့်ဝသောအခါ ထိုသူ့ထံတွင် စိတ်ဆင်းရဲခြင်း၊ မနာလိုဝန်တိုစိတ်များခြင်း၊ ဒေါသများခြင်း၊ မိမိကိုယ်ကိုမိမိ အားမလိုအားမရဖြစ်ခြင်း ၊
ငါသာလျှင်ကောင်း၏ . . . ငါသာလျှင်ကြိုးစား၏ . . . ငါသာလျှင်တတ်၏ တော်၏ . . . ငါသာလျှင်အနစ်နာခံ၏ . . . ငါ့လောက်မစွမ်းဆောင်နိုင်ကြ ဟု အထင်ကြီးစိတ်များ . . . ငါ ဆိုသည့် အတ္တများ ၀င်နေပြီး ၊ မိမိ၏ စိတ်တွင် မောဟများနေရသည်ကို ထိုသူ မသိရှာပါ . . . . .။
မောဟ (၂)
ကျွန်တော် ကြုံတွေ့ခဲ့ဖူးသော သူတစ်ဦးဆိုလျှင် ငွေသာလျှင်(ပိုက်ဆံ)အဓိက၊ နေရာတိုင်းတွင် ငွေသာမြင်သည်၊ လုပ်ကိုင်ဆောင်ရွက်မှုတိုင်း၊ လုပ်ငန်းဆက်ဆံတိုင်း၊ မည်သည့်ကိစ္စ တွင်မဆို ငွေသာအဓိကထားခဲ့ပါသည်။ အကျိုးအမြတ်သာအဓိကထားပါသည်။ ထိုသူ၏ နှုတ်မှ ငွေကိစ္စ တော့မဖွင့်ဟ၊ သို့သော်လည်း သူနှင့်ဆက်ဆံတိုင်း မျက်နှာနာရမည့်သူငယ်ချင်းသော၊ မိတ်ဆွေအပေါင်းအသင်းသော ၊ လုပ်ဖော်ကိုင်ဖက်သော မည်သူမှ မချန် သူအဆင်ပြေမှ ၊ အကျိုးအမြတ်ရမှ လုပ်ကိုင် ဆောင်ရွက်တတ်ပါသည်။ ထို့အပြင် တဖက်သားအပေါ်နဲနဲတော့ကြောလိုက်ရဖို့အတွက် ကြံစည် လုပ်ဆောင်တတ်ပါသည်။ နှုတ်ထွက်ကြမ်းပြီး ၊ ကိုယ်အမူအရာ ကြမ်းတမ်းသူဖြစ်ပါသည်။ မိမိထက်ငယ်သူ၊ နိမ့်ပါးသူများကိုလည်း အနိုင်ယူတတ်သူဖြစ်ပါသည်။ ထိုသူမှာတော့ မိမိကိုယ်ကို ငါတော်လှပြီ၊ အဆင်ပြေလှပြီထင်နေပါသည်။ စကားပုံထဲကလို နှုတ်ကြမ်းတော့ . . . . .၊ ကိုယ်ကြမ်းတော့ . . . . . ဆိုတာသူမသိရှာပါ။ တကယ်တမ်း သူ့မှာ အနစ်နာခံ ၊ စေတနာနှင့်ကူညီမည့်သူ၊ ဖေးမပေးမည့်သူ၊ လမ်းပြပေးမည့်သူ မိတ်ဆွေကောင်းဆိုတာ မရှိနိုင်တော့ဘူးဆိုတာ ထိုသူ မသိရှာပါ . . . .။
မောဟ (၃)
ကျွန်တော် ကြုံတွေ့ခဲ့ဖူးသော သူတစ်ဦးဆိုလျှင် အလုပ်လုပ်နေရတာချုင်းအတူတူ ရာထူးနေရာတူသူရော၊ အဆင့်မြင့်သူများရော ငယ်သူများပါမချန် မကောင်းမြင်တတ်ပြီး၊ အခြားသူများမှာ လုပ်ငန်းစွမ်းဆောင်ရည်ကြောင့်သော်လည်းကောင်း၊ ပင်ကိုယ်အရည်အချင်းကြောင့်သော်လည်းကောင်း၊ လုပ်ပိုင်ခွင့် အခွင့်အာဏာ(Authority) ကြောင့်သော်လည်းကောင်း ခံစားခွင့် ၊ အခွင့်အရေးများရရှိသွားပါက မနာလိုဖြစ်ခြင်း၊ မုန်းတီးခြင်း၊ အမျက်ဒေါသထွက်ခြင်း၊ သဝန်တိုခြင်းများဖြစ်ပေါ်၍ မိမိ၏စိတ်တွင် မကောင်းသည့်စိတ်ဓါတ်အဆိုင်အခဲများမှ ဆက်ဆံနေသည့်သူများအား မဟုတ်တမ်းတရားများ ပြောဆိုလာခြင်း၊ အဓိပ္ပါယ်မရှိပြောဆိုဆက်ဆံခြင်းများ ဖြစ်လာပါသည်။ သို့ပါသော်လည်း ထိုသူမှာ အခွင့်အရေးများ နှင့် ခံစားခွင့်များကိုရရှိပါက ငြိမ်နေပြီး ထုတ်ဖော်ခြင်းမရှိပါ၊ မည်သူကမှလည်း မေးမြန်းပြောဆိုခြင်းမရှိပါ၊ အခြားသူများအခွင့်အရေး ရပြီး သူမရ၊ မခံစားရပါက အခြားသူများအား ဒုက္ခရောက်အောင် အဆင်မပြေအောင် ပြုမူဆောင်ရွက်ပါတယ်။ အမှန်မှာ ထိုသူ၌ ပင်ကိုယ်အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည် အားနည်းနေသည်ကို ထိုသူ မသိရှာပါ . . . .။
မောဟ(၄)
ကျွန်တော် ကြုံတွေ့ခဲ့ဖူးသော သူတစ်ဦးဆိုလျှင် ရာထူးအဆင့်အတန်းလည်းအတော်ကြီးပြီး၊ လုပ်ပိုင်ခွင့် အခွင့်အာဏာ(Authority) မှာလည်းအတော်အသင့်ရှိသူတစ်ဦးဖြစ်ပါသည်။ ထိုသူမှာ အများနှင့်ယှဉ်လျှင် စံပြပုဂ္ဂိုလ်အဖြစ်နေသယောင်၊ မိမိသာ မှန်ကန် သလိုလို ၊ လမ်းကြောင်းမှန်သွားနေသလိုလို နှင့် အတော်များများက ရှိန်ကြပါသည်။ သို့ပါသော်လည်း ထင်ရာလုပ်ပြီး ၊ ငါ့သာလျှင်ပိုင်တယ်၊ ငါသာလျှင်ဖြစ်သင့်တယ် ထင်ပြီး လျှောက်လှမ်းနေသည်ကို မည်သူမျှမသိပါ၊ ကျွန်တော်လည်းမသိပါ၊ ထိုသူမှာလည်း ငါဆိုသည့် မောဟများနေသည်ကို ထိုသူမသိရှာပါ . . . .။

နောက်ဆုံးတော့ ကျွန်တော်ကြုံတွေဖူးသော ဒီ မောဟတွေကြားထဲ ကျွန်တော် မျောပါမသွားအောင် ၊ လူ့ကျင့်ဝတ်နှင့်အညီ သမာသမတ်ကျစွာ၊ တရားမျှတစွာ ကျင့်ကြံသွားနိုင်ရန် အများကြီး ကြိုးစားသွားရအုံးမယ်ဆိုတာ ကိုယ်ကိုကိုယ်အမြဲသတိပေးနေရပါတယ်။

ဖတ်ဖူးခဲ့တဲ့ စာအုပ်ထဲက
စကားလေးတစ်ခွန်း သတိရမိပါတယ် . . .

Personality ကျသွားရင် Limitation ဆိုတာ မရှိနိုင်တော့ဘူး . . . . . .တဲ့။

ဖိုးသောကြာ

No comments: